သီလ၊ သမာဓိ၊ ပညာ
ဆိတ်ကွယ်ရာတွင်လည်း ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါး အကုသိုလ်ကို မကျူးလွန်တတ်သော မြတ်စွာဘုရား

"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတအဖွဲ့

ရာဂပါးမှ တရားမြင်သည်။
ဒေါသပါးမှ သနားကြင်သည်
မောဟပါးမှ အမှားမြင်သည်။
ထိုသုံးပါး မနားမနေနှင့်...
(က၀ိဗန္ဓနကထာ)

::=::=::=::=::=::=::

မလွှတ်ကာမ၊ မရသတိ၊
မရှိဆရာ၊ မပါအင်အား၊
မထားလုံ့လ၊ ဤငါးဝ၊
တရားမရကြောင်းတည်း...
(က၀ိဗန္ဓနကထာ)

#:-:#:-:#:-:#:-:#

သေမင်းအစာ နင့်ခန္ဓာကို တဏှာဘီလူး အမှောင့်ပူး၍ အရူးပြင်ပြင် နင့်ကိုယ်ထင်၏။

နင်နှင့်မဆိုင် နင်ပိုင်မဟုတ် နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို နင့်ဉာဏ်မစူး အပေါ်ဖြူး၍ မူးမူးမေ့မေ့ အများလေ့ဖြင့် နေ့ရက်အပုံ လွန်ခဲ့တုံပြီ။

အာရုံဝတ္ထု မီးစာစုကို မှုမှုရရ နင်အားကျလည်း ဓားပြသေမင်း သူ့တပ်နင်းက မငြင်းဆန်သာ နင့်ခန္ဓာသည် ပြာပုံအပြီး ဖြစ်လုနီးပြီ...
(လယ်တီ)

*!*!*!*!*!*!*!*!*

အို-နာ-သေ ဤသုံးဝ၊ ပူမီးကြွဖြစ်အင်။
ခန္ဓာစဉ် ဉာဏ်သက်ရောက်၊ ထွက်ပေါက်ကိုတဲ့ ပြင်ဆင်။
အစစမာန်ဝင်၊ တဏှာလျှင် မြစ်ဖျား။
ဇွဲလုံ့လ အမြန်ယှဉ်မှ၊ သံသာပြင် ဖင်မမြုပ်၊
ဆုံးချုပ်တရား...
(က၀ိဗန္ဓနကထာ)

<:-:><:-:><:-:><:-:>

ပုဂ္ဂိုလ်တွင်မည် ခေါ်ကြသည်ကား ဖွေနည်ရင်းမြစ် ရှာ၍စစ်သော် ဖြစ်လျှင်ပျက်ငြား ခန္ဓာငါးတည်း။
တရားထင်မှု မူရင်းရှုက နှစ်ခုဧကန် ရုပ်နှင့်နာမ်တည်း ဖေါက်ပြန်တတ်လှ သင်္ခါရမို့ နိစ္စကြည်ခိုင် မြဲမတည်သည်...
ပျက်မည်မုချ ပါတကား...
(လယ်တီ)

*^*^*^*^*^*^*^*

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ၊ သေခြင်းတစ်ခြား၊ ကွဲပြားတစ်တန်၊ ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို၊ မကွာနေ့ည၊ ဉာဏ်သက်ဝင်၍၊ ဆင်ခြင်ကြ။

(ဆရာတော်ဦးဗုဓ်)

^=^=^=^=^=^

အကျင့်မပါရင် အသိတွေ သေနေတတ်တယ်။ အသိကို အကျင့်နဲ့ အသက်သွင်းပေးမှ တရားရှင်သန်မယ်။

(ယောဆရာတော်ဘုရားကြီး)

"*"*"*"*"*"*"*"*"

ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက်
ငါတကြွကြွ။
အိုကာလ၌၊ ထလည်းမနိုင်၊
ထိုင်လည်းမကောင်း၊ လျောင်းလဲမသာ၊
လိုမပါဘူး။
ဇရာဤ၀ဋ်၊ ကင်းမလွတ်နိုင်၊
မချွတ်သေအောင် ၊အမြဲဆောင်၏။
သားချောင်သွေးခန်း၊ ရွေ့ရွေ့မြန်း၍၊
မလန်းမလူ၊ ဇရာဟူသည်၊
ဆံဖြူသွားကျွတ်၊ တွတွရွတ်လျက်၊
ယွင်းချွတ်ပျက်ပြို၊ နေ့တိုင်းအိုသည်၊
ဤကိုယ်ပျောက်လိမ့် မနှေးတည်း.....
(မန်လည်ဆရာတော်)

<^>.<^>.<^>.<^>

ကျင့်ဝတ်က ခမ်း၊ စိတ်က ကြမ်း၊
မဂ်လမ်း မရောက်နိုင်။
ကျင့်ဝတ် ပြည့်နှံ့၊ စိတ်နူးညံ့၊
ရောက်အံ့ နိဗ္ဗာန်တိုင်။

<:>-<:>-<:>-<:>
သိမှ
သိ၊ မသိကို သိသည်။
မသိလျှင်
သိ၊ မသိကို မသိ။


<><><><><>

ကျွန်လူ့ဘောင်၊ တရားသံဝေဆောင်လို့၊
မီးသုံးရောင် အမြန်ငြိမ်းကာပ၊
ဒုက္ခာကို၊ ဆုတ်ခွာတိမ်းလို့ရယ်၊
သိမ်းစို့ဇာတ်လမ်း...

တရားဓမ္မ website များ

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း...

ဆရာတော်များ၏ ဓမ္မရတနာများ

သုတစုံလင် စာကြည့်တိုက်များ

လူငယ်တို့၏ ဓမ္မရတနာများ

အကောင်းဆုံး မြန်မာ online ကဏ္ဍစုံ စာအုပ်စင်ကြီး

နှစ်သက်ရာရာ...

တရားတွေကို ဝေမျှကြစို့

Followers

ဘယ်နယ်ကလဲ?

* မသေခင်၊ ဉာဏ်ယှဉ် *
* တရားမြင် *
* နိဗ္ဗာန် မသွေ *
* ရောက်ပါစေ….. *
***ဓမ္မရတနာ သို့ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့... စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှစ်ဖြာသော သုခများစွာနှင့် ပြည့်စုံနိုင်ကြပါစေသတည်း...***

**************ဓမ္မရတနာ ဆိုသည်မှာ**************

ဗုဒ္ဓ၊ ဓမ္မ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ၊ ကြည်ညိုပူဇော်ရာ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ်ရသနည်း ဟု ဆိုလာလျှင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဘိုး မဖြတ်နိုင် သောကြောင့်ပင်တည်း။

ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား၊ သဘာဝတရား ဖြစ်သည်။ မြတ်စွာဘုရား မပွင့်ခင်ကတည်းကလည်း ရှိခဲ့သည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည်။ မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေသည်။ အချိန်တိုင်း၊ အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည်။

ရတနာကို ရတနာမှန်း မသိသောသူတို့သည် အဖိုးအနဂ္ဃ ထိုက်တန်လှသော ရတနာပုံအပေါ်သို့ ရောက်နေသော်ငြားလည်း ရတနာတို့၏ တန်ဖိုးကို မသိသဖြင့် မည်သို့ ထုတ်ယူသုံးစွဲခြင်းငှာ မစွမ်းနိုင် သကဲ့သို့ သံသရာ ၀ဋ်ဒုက္ခ ဆင်းရဲတွင်းမှ လွတ်ကင်းရာ နိဗ္ဗာန်လမ်းကို ပြညွှန်သော မြတ်ဗုဒ္ဓ၏ ဓမ္မတန်ဖိုးကို မသိကြကုန်သော သူတို့သည်လည်း ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ တန်ဖိုးကို ထုတ်ယူသုံးစွဲ၊ ကျင့်ကြံအားထုတ်ခြင်းငှာ စွမ်းဆောင် နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဓမ္မတန်ဖိုးကို ရတနာကဲ့သို့ အဖိုးတန်မှန်း သိသော ပုဂ္ဂိုလ်များသာလျှင် အဖိုးမဖြတ်နိုင်သော အေးချမ်းရာ နိဗ္ဗာန်ကို မသွေဖီ ရောက်ရှိကြပေတော့မည်.....

*********

ဣတိပိသော ဘဂ၀ါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစဏသမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသဒမ္မသာရထိ၊ သတ္ထာ ဒေ၀မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂ၀ါ။ သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယော၊ အနုတ္တရံ ပုာက္ခေတံ္တ လောကဿ။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဥ္စိ န ပဿတိ။ ဧ၀မာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သနံ္တ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ သန္တိနြ္ဒိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာ ၀ န၀သေသာ။ ဒီဃာ ၀ါ ယေ ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။ ဒိဋ္ဌာ ၀ါ ယေ ၀ အဒိဋ္ဌာ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။ ဘူတာ ၀ သမ ၻေ၀သီ ၀၊ သဗၺသတၱာ ဘ၀ႏ ၱဳ သုခိတတၱာ။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစေ ၦယ်။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဒံ အဓော စ တိရိယဉ္စ၊ဓ အသမ္ဗာဓံ အဝေရ မသပတ္တံ။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သာယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။ ကာမေသု ၀ိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ ၻေသယ် ပုန ရေတိ။

*****ဂုဏ်တော်မှန်းရည် သဒ္ဓါပွားသည် ကြည်ညိုရှိခိုးမည်*****

ဓမ္မတေးသံစဉ်များ

*****Play ခလုပ်ကို ဖွင့်၍ သဒ္ဓါပွားနိုင်ပါသည်*****

သီရိရတနာ (ဖိုးသောကြာ၊ ပန်းအိဖြူ)

ဂုဏ်သတင်းနှင့် ထုံသင်းကြပါစေ (ဗညားဟန်၊ ပန်းအိဖြူ)

အနန္တငါးပါး ကန်တော့ခန်း (စိုးစန္ဒာထွန်း)

ဘေးရန်ကြောင့်ကြဆင်းရဲကင်းပါစေ (ကိုင်ဇာ)

ကျေးဇူးရှင် (ပန်းအိဖြူ)

ကောင်းမှုကုသိုလ်ဖြစ်စေသော် (ဗညားဟန်)

ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေ (နီနီဝင်းရွှေ)

- တရားစာပေတွေကို လေးလေးနက်နက် ဖတ်၊ သေသေချာချာ မှတ်၊ တစိမ့်စိမ့်တွေးရင်း တရားတွေကို လက်တွေ့ ကျင့်ကြံ အားထုတ်နိုင်အောင် ကြိုးစားပါ -

သင်္ကန်းတွေကို သေချာအောင် ထုပ်ပိုး

လှူချင်တဲ့ စိတ် ရှိရင် လှူစရာဆိုတာ ရှိလာတယ်
ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက အိန္ဒိယမြောက်ပိုင်း တိဗက်ကုန်းမြင့်ဒေသမှာ ရှိတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (Mahabodhi Int'l Meditation Centre) တစ်ကျောင်းမှာ မြန်မာသင်္ကန်းတွေကို လှူခဲ့ပြီးပြီ။

(Leh-Ladakh သို့ တစ်ခေါက် ဆောင်းပါးဖြင့် ဖော်ပြထားပြီး)

အဲဒီဘုန်းတော်ကြီးကျောင်းကလည်း ပရဟိတတွေလည်း တော်တော် လုပ်နေတယ်။
စာသင်ကျောင်း၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ၊ တရားစခန်းရိပ်သာ အစရှိတဲ့ လုပ်ငန်းတွေကို လူထုအကျိုးအတွက်ရော သာသနာ့ အကျိုးအတွက် ပါ လုပ်နေကြတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ စာရေးသူ ရောက်ကတည်းက စာရေးသူ တာဝန်ယူခဲ့တာ နှစ်ခု ရှိတယ်။

ဆိုပိန့်မညှာ စေ့စေ့နာလော့
ဂင်္ဂါသဲမျှ ပွင့်ကုန်ကြသား
ဘုရားသာသနာ ခေတ်အခါဝယ်
လူ့ရွာနတ်၌ နင်ကြုံကြိုက်လည်း
အမိုက်မချွေ အလိုက်နေ၍ 
အခြေမကြီး အချည်းနှီးလျှင်
ယီးတီးယောင်တောင် ခုတိုင်အောင်တည်း...

လယ်တီဆရာတော်

သင်တန်းမစမီ သြ၀ါဒပေးရဦးမယ်
တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ယဉ်ကျေးလိမ်မာ လူငယ်သင်တန်း အတွက် ခရီးထွက်ခဲ့တယ်။ ထားဝယ်မြို့ကနေ ကားနဲ့ ကြွဖြစ်ခဲ့တယ်။ ကားလမ်းဆိုပေမဲ့ အမှန်တော့ လှည်းလမ်းပါပဲ။ နွားလှည်းတွေ အတွက်သာ အဆင်ပြေတဲ့လမ်းပါ။ လမ်းကတော့ အချိုးအကွေ့များစွာနဲ့ ကားကို ဘယ်ညာယိမ်းရင်း သစ်ပင် သစ်ခက်တွေကို ရှောင်ကွင်းမောင်းနှင်ရတာ။
ကျေးရွာက ဆက်သွယ်ရေး ခက်ခဲတော့ သွားရလာရတာ ခရီးမတွင်ဘူးပေါ့။ ဟိုးတုန်းက ဆိုရင် မြို့ကို သွားဖို့ ဆိုတာ လှေတစ်တန် ကုန်းတစ်တန် နဲ့ တစ်နေကုန် အချိန်ပေးပြီး သွားနေကြရတယ်။ အခုတော့ ရွာမှာ ဆိုင်ကယ်တွေ ရှိနေတော့ ကုန်းလမ်းက တော်တော် ခရီးတွင်နေခဲ့တယ် လို့ သိရတယ်။
ပြုစုပျိုးထောင်ပေးမဲ့ ဥယျာဉ်မှုးရှိမှ သူတို့အနာဂတ် ရှင်သန်မယ်
လမ်းခရီးက ပင်ပန်းပေမဲ့လည်း ဧကနိကျေးရွာကို စာရေးသူ ရောက်တော့ သာသနာရေး တက်ကြွကြတဲ့ ဒကာ၊ ဒကာမတွေရဲ့ ဖော်ရွေမှုတွေဟာ အမောကို ပြေစေခဲ့တယ်။ ဧကနိကျေးရွာ အနောက်ကျောင်းမှာ သီတင်းသုံးရတယ်။ ဒီရွာက လူငယ် ယဉ်ကျေးမှု သင်တန်းတွေကို တစ်ခါမှ မဖွင့်ဖူးသေးဘူး လို့ သိရတော့ စာရေးသူ ရင်ထဲမှာ စိုးရိမ်မိတာလေး ဖြစ်မိတယ်။
အဲဒါက ဒီရွာက ကလေးတွေဟာ ယဉ်ကျေးမှုသင်တန်းတွေ မသင်ဖူးသေးတော့ စိတ်ပါဝင်စား ပါ့မလား ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အစွမ်းအစဟာ ဒီကလေးတွေ အတွက် အင်အားဖြစ်စေရမယ် လို့ စိတ်ထဲအားတင်းပြီး နောက်တစ်ရက် မနက် သင်တန်းကို စတင်ခဲ့လေတယ်။
ကလေးဆိုတာ ဒီလိုသင်ပေးတော့ မမေ့တော့ဘူးပေါ့
သင်တန်း ဖြစ်မြောက်အောင် ကူညီကြတဲ့ ရွာက ဒကာ၊ ဒကာမတွေလည်း ပထမအကြိမ်ဆိုတော့ အစီအစဉ် ဘယ်လို ဆွဲရမှန်း မသိကြ။ စာရေးသူပဲ ဦးဆောင်ပြီး အခန်းအနားရဲ့ သဘော၊ လုပ်ရမယ့် အစီအစဉ် အနေအထားတွေကို ချပြပြီး ပြောပြပေးလိုက်တော့ တော်တော်ကို အဆင်ပြေသွားခဲ့ရတယ်။
လူဆိုတာ မတတ်သေးတာက ပြဿနာ မရှိဘူး။
တတ်အောင် မလုပ်ချင်တာက ပြဿနာပဲလေ။
မတတ်သေးတဲ့ လူတွေကို တတ်အောင် သင်ပေးရတာက လွယ်နိုင်ပေမဲ့ တတ်အောင် မသင်ချင်တဲ့ လူတွေကိုတော့ သင်ပေးရတာ တော်တော်ကို ခက်ခဲတာပဲ။
တစ်ဦးချင်းစီ သတ္တိရှိအောင်
သင်တန်း တက်လာကြတဲ့ ကလေးတွေကို စာရေးသူ ကြည့်ပြီး စိတ်ထဲမှာ သနားစိတ်တွေ ပိုနေမိတယ်။ သူတို့လေးတွေမှာ မျှော်လင့်ချက်တွေ ရှိနေကြတယ်။ သူတို့ရဲ့ အနာဂတ် ကို ဘယ်သူများ ထုဆစ် ပုံဖော်ပေးနိုင် မလဲ ဆိုတဲ့ မျက်ဝန်းလေးတွေနဲ့လေ။ ငယ်ငယ်ကတည်းက ကျေးလက်တောရွာမှာ ကြီးပြင်းလာကြရင်း ရိုးသားမှုကို အခြေခံကာ အေးချမ်းစွာနဲ့ နေနေကြပေမဲ့ မြို့ကြီးပြကြီးနဲ့ ယှဉ်လိုက်ရင် မမီနိုင်သေးတာတော့ သေချာနေသေးတယ်လေ။
ကလေးတွေဟာ အမှန်တော့ အညွန့်တလူလူနဲ့ ဖူးပွင့်ချင်နေကြတဲ့ ပန်းအငုံဖူး လေးတွေပါပဲ။ ဒါကို ပြုစုပျိုးထောင်ဖို့ ဥယျာဉ်မှုးတွေ လိုအပ်နေတာ။ 
အများရှေ့မှာလည်း ရဲဝံ့ရမယ်
ကလေးတွေဟာ စာရေးသူ သင်ပေးသမျှ ဟောပြ ပြောပြသမျှ စိတ်ပါဝင်စားစွာနဲ့ သင်ယူ နားထောင် နေလိုက်ကြတာ။ ဒီကလေးတွေ အထဲက နောင်တစ်ချိန်မှာ တိုင်းပြည်အတွက်၊ သာသနာတော် အတွက် အားကိုးရမယ့် အနာဂတ် သားကောင်း၊ သမီးကောင်းတွေ မပေါ်ထွန်းလာနိုင်ဘူး လို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။
အဲဒါလေးကိုပဲ တွေးပြီး သင်ကြား ဟောပြော နေရတဲ့ စာရေးသူရဲ့ ရင်ထဲမှာ ကြည်နူးနေမိတာပါ။
မနက်ခင်း ပြီးတာနဲ့ နေ့လယ်ခင်းမှာရော သင်တန်းချိန်တွေပေးပြီး သင်ကြားပေးရတာ။ စာရေးပြီး သင်ရတာ တစ်မျိုး၊ ကဗျာလင်္ကာလေးတွေ ဖွဲ့နွဲ့သီကုံးပြီး သံပြိုင်ဆိုပြီး သင်ပေးရတာလည်း တစ်ဖုံ နဲ့ စာရေးသူလည်း နည်းပေါင်းစုံနဲ့ သင်ပေးရတာ။ တစ်နေကုန် ယဉ်ကျေးမှု သင်တန်း ပြီးတာနဲ့ ညပိုင်းမှာလည်း လူကြီးတွေ အတွက် တရားဓမ္မကို မျှဝေ ဟောပြော ပြရသေးတယ်။ အဲဒီတော့ စာရေးသူလည်း တစ်နေကုန် အပြင် ညပိုင်းလည်း အနားမနေခဲ့ရဘူးပေါ့။
မှတ်ဉာဏ်ထဲစွဲအောင် ရေးဖြေစာမေးပွဲ
ဘယ်လိုပဲ ပင်ပန်း ပင်ပန်း စာရေးသူ အမြဲထားတဲ့ ခံယူချက်လေး ရှိတယ်။
ငါက တစ်ဦးတည်း ပင်ပန်းတာပဲ။ ငါ့ကြောင့် အများသူငှာ စိတ်အေးချမ်းပြီး တရားအသိတွေ ရသွားရင် အများအတွက် ငါပင်ပန်းရကျိုးနပ်ပါတယ်လေ
ဆိုပြီး စိတ်ဓာတ်မြှင့်တင်ခဲ့ရတယ်။ ပင်ပန်းတဲ့ ခန္ဓာကို အားသစ်မွေးရတယ်။
ကလေးတွေရဲ့ အောင်မြင်မှုကို အသိအမှတ် ပြုရမယ်
သုံးရက်ကြာအောင် နေ့ရော ညပါ စာရေးသူ သိသမျှ ကလေး၊ လူကြီးတွေအတွက် ဟောပြောခဲ့ပြီးတာနဲ့ နောက်ဆုံးနေ့ မှာတော့ ဆုပေးပွဲ အစီအစဉ်လေးကို စီစဉ်ပေးခဲ့တယ်။ ဆုပေးတဲ့ ကလေးတွေကို စာရေးသူလည်း မိမိမှာ ရှိတဲ့ ဗုဒ္ဓဂယာ ဘုရားပုံတော်တွေ ကိုလည်း ဆုပေးခဲ့တယ်။
ဒီသင်တန်းလေးဟာ အမှန်တော့ ကလေးတွေရဲ့ အနာဂတ် သာသနာတော် ကို ပြုစုပျိုးထောင် ပေးနိုင်ခဲ့တယ်။ ရက်တိုသင်တန်း ဖြစ်ပေမဲ့လည်း သူတို့လေးတွေ အတွက် အကျိုးများလိမ့်မယ် လို့ စာရေးသူ တွေးနေရင်းနဲ့ပဲ ထားဝယ်မြို့ လူငယ်ယဉ်ကျေးလိမ်မာ တရားစခန်း အတွက် ခရီးဆက်ခဲ့ရတော့တယ်….

< မြတ်စွာဘုရားက အစိန္တေယျသုတ်မှာ ဟောထားတဲ့ မကြံစည်အပ်ရာ လေးမျိုး >

အစိန္တေယျသုတ်
ရဟန်းတို့ မကြံသင့်သော ဤလေးမျိုးတို့ကို မကြံအပ်ကုန်၊ 
ယင်းလေးမျိုးတို့ကို ကြံသူသည့်ရူးသွပ်ရန် ဆင်းရဲပင်ပန်းရန်သာ ဖြစ်၏၊ 

အဘယ်လေးမျိုးတို့နည်းဟူမူ- 

ဒိဋ္ဌိ ဟူသော စကားလုံးသည် ပါဠိစကား ဖြစ်သည်။ ၄င်း၏ အဓိပ္ပာယ်သည် မြန်မာစကားအားဖြင့် အယူ၊ အမြင် ဖြစ်ပေသည်။ မှားသောအယူ၊ မှားသောအမြင် ကို မိစ္ဆာဒိဋ္ဌိဟု ခေါ်ပြီး မှန်သောအယူ၊ မှန်သောအမြင် ကို သမ္မာဒိဋ္ဌိဟု ခေါ်သည်။ သာမန်အားဖြင့် နားလည်ထားကြသည်မှာ ဒိဋ္ဌိ ဟု ပြောလိုက်လျှင် မိစ္ဆာဒိဋ္ဌိ ဟုသာ သိကြပေသည်။

ဒိဋ္ဌိ ဟု ပြောလိုက်လျှင် မိစ္ဆာဒိဋ္ဌိ ဟု အဘယ်ကြောင့် သိနေကြသနည်း ဟု ဆိုလျှင် ဗုဒ္ဓအဘိဓမ္မာ၏ အကုသိုလ် စေတသိက်များတွင် မိစ္ဆာဒိဋ္ဌိ ကို ဒိဋ္ဌိစေတသိက်ဟု အမည်တပ်ပေးထားသောကြောင့် ဖြစ်သည်။ ဒိဋ္ဌိ စကားလုံးသည် အကုသိုလ် စေတသိက်များတွင် ပါဝင်နေသဖြင့် မိစ္ဆာဒိဋ္ဌိ ဟုပင် အလွယ်တကူ နားလည်ထားကြပေသည်။

မိစ္ဆာဒိဋ္ဌိသည် အမှားကို အမှန်မြင်သည်။ အမှန်ကို အမှားမြင်သည်။ မမှန်သော နှလုံးသွင်းမှု ရှိသည်။ အနတ္တကို အတ္တ၊ အနိစ္စကို နိစ္စ၊ ဒုက္ခကို သုခ၊ အသုဘကို သုဘ စသည်ဖြင့် လည်းကောင်း၊ ခန္ဓာငါးပါး ရုပ်နာမ် အစုအဝေး ခန္ဓာကိုယ်ကို ငါ ဟူ၍လည်းကောင်း၊ ဖန်ဆင်းသူ မရှိဘဲ ရှိသည်ဟူ၍လည်းကောင်း၊ ကံ ကံ၏ အကျိုးကို မယုံကြည်ခြင်း၊ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းကို မှန်ကန်စွာ မသိခြင်း စသဖြင့် ရှုမြင်နေပေသည်။

ဒိဋ္ဌိများထဲတွင် နောက်ထပ် ထင်ရှားသော ဒိဋ္ဌိသုံးမျိုး ရှိပြန်သည်။ ၄င်းတို့မှာ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိတို့ ဖြစ်သည်။

သက္ကာယဒိဋ္ဌိသည် ရုပ်နာမ် နှစ်ပါး ဖြစ်သော ခန္ဓာငါးပါးကို ‘ ငါ ’ ဟု စွဲယူထားသော အယူမှား ဖြစ်သည်။ တစ်နည်းဆိုရသော် ဤခန္ဓာကိုယ်ကို ငါ့ခန္ဓာ ဟု စွဲနေသော အယူဖြစ်သည်။ ငါ့ပစ္စည်း၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ခင်ပွန်း၊ ငါ့မယား စသည်စသည်ဖြင့် ငါ စွဲ စွဲထင်နေခြင်းသည်လည်း သက္ကာယဒိဋ္ဌိပင် ဖြစ်သည်။

ထိုသက္ကာယဒိဋ္ဌိကို မူတည်ပြီး ခန္ဓာကိုယ်ထဲ၌ ‘ငါကောင်၊ ၀ိညာဏ်ကောင်၊ အတ္တကောင်’ ရှိသည် ဟု ဆက်ပြီး ယူဆကာ ထို ‘ငါကောင်၊ ၀ိညာဏ်ကောင်၊ အတ္တကောင်’ သည် မပျက်မစီးဘဲ ခန္ဓာတစ်ခု သေလျှင် နောက်ခန္ဓာ အသစ် တစ်ခုသို့ ကူးပြောင်းကာ အမြဲတည်နေသည် ဟု စွဲယူသော သဿတဒိဋ္ဌိ ပေါ်ပေါက်လာသည်။ ထိုဒိဋ္ဌိ၏ အယူဝါဒသည် ‘ငါကောင်၊ ၀ိညာဏ်ကောင်၊ အတ္တကောင်’ သည် မသေဘဲ တစ်ဘ၀ပြီး တစ်ဘ၀သို့ ကူးပြောင်းနေခြင်းပင် ဖြစ်သည်။

ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ -
စေတီတော်တွေမှာ ဂြိုလ်စီး၊ ဂြိုလ်နင်း၊ ဂြိုလ်ခွင်၊ ဂြိုလ်တိုင်၊ ဂြိုလ်သက်၊ ဂြိုလ်နှစ်… etc….. စုံလို့ စုံလို့ ပဲ။
စေတီ တိုင်းလည်း ထီးတော်တင်ရတာ ပွဲလမ်းသဘင်တွေနဲ့။
ရွှေမရှိတဲ့ စေတီ လူမရိုသေမှာ စိုးတော့ စေတီတိုင်း ရွှေချရရော အလှူခံတွေပေါ။
ဆင်းတုတော်တွေလည်း ထုဆစ်ချင်သလို ထု ကိလေသာကင်းစင် ဘုရားရှင် လူသားအသွင်ပျောက်။

ထေရ၀ါဒဗုဒ္ဓဘာသာ သီရိလင်္ကာနိုင်ငံမှာ -
စေတီတော်တွေမှာ ဘာဂြိုလ်မှ မရှိဘဲ စေတီပရ၀ုဏ် ရှင်းနေတာ။
စေတီတော်တိုင်းလည်း ထီးတော်သီးသန့် မရှိဘဲ စေတီ အသားအတိုင်းထား။
စေတီတိုင်းကို မျက်နှာမလိုက်ဘဲ အားလုံး ထုံးသင်္ကန်းကပ်။
လူသားအသွင် ကိလေသာကင်းစင် ဘုရားရှင် နိုင်ငံအနှံ့ လမ်းဆုံ တိုင်းမှာ ဖူးမျှော်မြင်။

အဲဒါလည်း ထေရ၀ါဒ တူသော်လည်း မတူတာလေးတွေပေါ့…..

ရေခဲတောင်တွေကြားက သွားရတယ်

(၁၇၊ ၀၁၊ ၂၀၁၂) အင်္ဂါနေ့ မနက်အစောကြီးမှာ အိန္ဒိယ၊ ဒေလီမြို့ ဆောင်းရာသီ ရာသီဥတုကလည်း အေးလွန်းလှတယ်။ မနက်အစောကြီး (၄) နာရီမှာ အိပ်ယာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ (၅) နာရီမှာ ရောက်လာတဲ့ တက္ကဆီကားကို တက်စီးလိုက်ရတယ်။ အခု သွားရမှာက ဒေလီမြို့ရဲ့ ပြည်တွင်းလေကြောင်းလိုင်း လေဆိပ်ကိုပေါ့။
စာရေးသူရဲ့ အစီအစဉ်က အိန္ဒိယ၊ မြောက်ပိုင်းအစွန်နားမှာ ရှိတဲ့ Leh – Ladakh ဆိုတဲ့ မြို့လေးကို ခရီးထွက်ရမယ်လေ။ ကိစ္စကတော့ အဲဒီ မြို့မှာ ရှိတဲ့ ထေရ၀ါဒ ဘုန်းကြီးကျောင်း တစ်ကျောင်းကို မြန်မာသင်္ကန်းတွေ သွားလှူဖို့ပါပဲ။ သင်္ကန်းတွေက ဒေလီမှာ ရှိတဲ့ စာသင်သား သံဃာတွေဆီကရယ်၊ ဗုဒ္ဓဂယာက စာသင်သားကျောင်းကရယ်၊ ပြီးတော့ စာရေးသူ စုဆောင်းထားတဲ့ သင်္ကန်းတွေရယ်၊ အားလုံး ၂၂ စုံပေါ့။

 Leh ကို ရောက်ပြီ

အဲဒီ သင်္ကန်းတွေကို လှူဖို့ အတွက် ဒေလီကနေ Leh – Ladakh မြို့ကို ဆောင်းရာသီမှာ ခရီးသွားရင် အန္တရာယ် များတယ် ဆိုတာ သိထားတာပဲ။ ဒါပေမဲ့လည်း စာရေးသူမှာ အခုလိုအချိန်ပဲ သွားရမှ ရမယ်။ ဖေဖော်ဝါရီ ဆိုရင်လည်း မအား၊ မတ်လ ဆိုရင်လည်း မြန်မာပြည်မှာ လူငယ်ယဉ်ကျေးမှု သင်တန်းတွေ အတွက် ကြွရဦးမယ်။
သြော်… ဘုန်းကြီးဆိုတော့ အေးအေး ဆေးဆေး နေရမယ်လို့တော့ မထင်လိုက်နဲ့ဦး။ သာသနာ့ အလုပ်တွေနဲ့ ဗရပွ ဖြစ်တဲ့ အချိန်က တယ်လည်း များသကိုး။
အလုပ်များတယ် ဆိုတာကလည်း ကိုယ်က လုပ်နေလို့ပေါ့။ အလုပ် လုပ်ချင်နေတဲ့ သူတွေ အတွက်ကတော့ အလုပ်က အမြဲ အနားမှာ ရှိနေတယ်။ အလုပ် မလုပ်ချင်တဲ့ သူတွေ အတွက်ကတော့ အလုပ်က ကိုယ့်အနားကို ရောက်နေတာတောင် အလုပ်ကို အလုပ်လို့ သိကြတာ မဟုတ်ဘူးလေ။


လိုအပ်တာကို ဖြည့်ပေးရတယ်
ဒေလီမြို့က ပြည်တွင်းလေဆိပ်လည်း ရောက်ရော သင်္ကန်းထုပ်တွေ အပ်ပစ္စည်း လုပ်ပြီးတာနဲ့ လေယာဉ်ပေါ် ရောက်ခဲ့တယ်။ ပြည်တွင်းလေဆိပ်မှာ မှတ်ပုံတင် စစ်ဆေးတာလည်း မတွေ့ရဘူး။ လေယာဉ်လက်မှတ် ပြလိုက်တာနဲ့ ပြီးသွားတာပဲ။ ဒေလီ ပြည်တွင်းလေဆိပ်က ရန်ကုန်မြို့ရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထက်ကို ကြီးနေတယ်။ လေယာဉ်တွေကလည်း မြန်မာနိုင်ငံ ပြည်တွင်း ပြေးဆွဲနေတဲ့ လေယာဉ်တွေထက် အကြီးကြီးတွေပဲ။ လူ နှစ်ရာ၊ သုံးရာ ဆန့် လေယာဉ်ကြီးတွေ ပြေးဆွဲနေတာ။
စာရေးသူ စီးလာတဲ့ လေယာဉ်က Leh – Ladakh မြို့ကို အသွားမှာ လမ်းတစ်ဝက်က ဂျမူး (Jammu) ဆိုတဲ့ မြို့ကို အရင်ဝင်တယ်။ နောက်မှ Leh – Ladakh မြို့ကို ခရီးဆက်ရမှာ။ ဒါပေမဲ့ ဂျမူးမြို့ လေဆိပ်မှာ အချိန်အတော်ကြာအောင် စောင့်လိုက်ရတယ်။ Leh – Ladakh မြို့မှာ နှင်းတွေ ကျနေပြီး ရာသီဥတု မကောင်းဘူး လို့ လေယာဉ်မယ်ရဲ့ သတင်းစကားကို ကြားလိုက်ရတယ်။ အခြေအနေ မကောင်းရင်တော့ လေယာဉ်က ဒေလီကို ပြန်မယ် တဲ့။


မြန်မာသင်္ကန်းများနဲ့ အတူ

တော်ပါသေးရဲ့ လေယာဉ်မောင်းသမားက Leh – Ladakh ကို ရောက်အောင် မောင်းမယ် ဆိုလည်း ဆိုရော စာရေးသူလည်း ၀မ်းသာရင်း စိုးထိတ်မှုတော့ ဖြစ်လိုက်ရတယ်။ ၀မ်းသာတာက ကိုယ်လှူချင်တဲ့ သင်္ကန်းတွေ လှူရတော့မယ်ပေါ့။ စိုးထိတ်မှု ဖြစ်ရတာက နှင်းတွေ အရမ်းကျနေလို့ လမ်းခရီးမှာ လေယာဉ်များ တစ်ခုခု ဖြစ်သွားရင် အသက်ကို ဖက်နဲ့ ထုတ်လို့တောင် ရမှာ မဟုတ်ပဲကိုး။
လေယာဉ် အပေါ်ကနေ ကြည့်လိုက်တာ လမ်းတစ်လျှောက်မှာ ရေခဲတောင်ချွန်တွေ ထိပ်ဖျား လေယာဉ်က ဖြတ်မောင်းနေရတာ။ စိုးထိပ်နေမယ့် အစား တရားလေးပဲ နှလုံးသွင်းထားတာမှ ကုသိုလ် ရဦးမယ်လေ။ ဒါကြောင့် စာရေးသူလည်း လှူချင်လို့ သွားချင်တဲ့ စိတ်က ကုသိုလ်စိတ်၊ လေယာဉ်ပေါ်မှာ ထိုင်နေတာက ရုပ် ခန္ဓာကိုယ်၊ အဲဒီလို စိတ်နဲ့ ရုပ်ကိုပဲ တရားမှတ်ရင်း လိုက်ခဲ့ရတယ်။
 အနာဂတ် သာသနာ့အာဇာနည် ဖြစ်စေဖို့

နှင်းတွေကြားမှာ လေယာဉ်က နိမ့်လိုက် မြင့်လိုက်နဲ့ Leh – Ladakh မြို့ရဲ့ လေယာဉ်ပြေးလမ်းပေါ်ကို ဘီးချနိုင်ခဲ့တယ်။ ရေခဲတောင်တွေရဲ့ ချိင့်ဝှမ်းကြားမှာ ရှိနေတဲ့ မြို့ဆိုတော့ လေယာဉ်လည်း ခက်ခက်ခဲခဲ ဆင်းသက်ရတာ။
လေဆိပ်မှာ Mahabodhi Meditation Centre ဘုန်းကြီးကျောင်းက စာရေးသူကိုလာပြီး စောင့်ကြိုနေတယ်။ Leh – Ladakh မြို့ဟာ စာရေးသူရဲ့ မြင်ကွင်းမှာတော့ နှင်းတွေနဲ့ချည်း ဖုံးလွှမ်းနေတဲ့ မြို့ ဖြစ်နေတယ်။ နေရာတိုင်းမှာ နှင်းတွေချည်း ပြည့်နေရော။ အေးလိုက်တာကလည်း အလွန်ပဲ။ ဒေလီအေးတယ် ဆိုတာ ရေခဲ မဖြစ်သေးဘူး။ အခုက ရေခဲမှတ် အောက် ၁၅ ဒီဂရီကို ရောက်နေတယ်လေ။
စာရေးသူ သီတင်းသုံးမယ့် ဘုန်းကြီးကျောင်းကိုလည်း ရောက်ရော အဲဒီမှာ ကိုရင်လေးတွေ က ကြိုဆိုနေကြတယ်။ စာရေးသူရဲ့ ရင်ထဲမှာ သိပ်ကို အေးချမ်းပြီး ပီတိ ဖြစ်မိတယ်။ ထေရ၀ါဒ သာသနာတော် ဟာ ဒီလိုမျိုးရာသီဥတု အေးလွန်းတဲ့ နေရာမှာ ရောက်နေတယ် ဆိုတာလေ။ လေယာဉ်က နေ့လယ်လောက်မှ ရောက်တာဆိုတော့ ဘုန်းကြီးကျောင်း ရောက်တဲ့ အချိန်က ညနေ နီးနေပြီ။ နှင်းတွေလည်း ဆက်တိုက် ကျနေတော့ သီတင်းသုံးဖို့ အခန်းလေးထဲမှာပဲ ဒီညတော့ အနားယူလိုက်ရတယ်။



 ရေပိုက်ထဲက ရေတွေ ရေခဲမဖြစ်အောင်

နောက်တစ်ရက် မနက်မှာ စာရေးသူ သယ်ယူလာတဲ့ သင်္ကန်းအစုံ ၂၂ စုံကို လှူဖြစ်လိုက်တယ်။ အဲဒီဒေသမှာက မြန်မာသင်္ကန်းဆိုတာ မရှိဘူးလေ။ အဲဒီတော့ ဟိုတုန်းက ရှိနေတဲ့ သင်္ကန်းတွေကို အဆင်ပြေသလို သုံးစွဲနေကြတာ။ ကိုရင်လေးတွေခမျာ ဆိုရင် အ၀တ်အနီပိုင်းတွေကို ၀တ်ပြီး သင်္ကန်း အဖြစ် ၀တ်နေရတာလေ။
အဲဒီ ကျောင်းမှာ ရှိတဲ့ ဦးပဉ္ဇင်းငယ်လေးတွေနဲ့ ကိုရင်လေးတွေကို သြ၀ါဒပေးဖြစ်တယ်။ သူတို့အားလုံးက အင်္ဂလိပ် စကားကို တော်တော်များများ နားလည်ကြတယ်။ သြ၀ါဒကတော့ ရှည်ရှည်ဝေးဝေး မဟုတ်ပါဘူး။ အနာဂတ် သာသနာတော် အတွက် အလုပ်တွေကို ဘယ်လိုမျိုး လုပ်ဆောင်ကြရမယ် ဆိုတာကို အဓိကထား ဟောကြားပေးတာပါပဲ။ သာသနာအတွက် ဆိုရင် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြဖို့၊ သာသနာ အလုပ်ကို ကြိုးစားပြီး လုပ်ကြဖို့ပေါ့။
သာသနာ့ဝန်ထမ်း လုပ်နေပြီး ကိုယ့်အတွက်ကြောင့် သာသနာတော်ဟာ ၀န်ထုပ်ဝန်ပိုး မဖြစ်စေရဘူး။ ကိုယ်ကသာ သာသနာတော်ရဲ့ တာဝန်တွေကို ကူညီဖြေရှင်း လုပ်ဆောင်ပေးနိုင်တဲ့ သာသနာ့ဝန်ကို ထမ်းဆောင်ပေးတဲ့ ပုဂ္ဂိုလ်သာ ဖြစ်ရမယ်။
 နေရောင်ခြည်နဲ့ ရေနွေးကျိုခြင်း
နောက်ပြီး စာရေးသူ ကတိပေးခဲ့သေးတယ်။ မြန်မာသင်္ကန်းတွေကို ရာသက်ပန် လှူဒါန်းပေးဖို့ရယ်၊ သာသနာတော် အတွက် နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးဖို့ရယ်ပေါ့။
မြန်မာသင်္ကန်းတွေကို လှူဒါန်းပေးတာက မြန်မာပြည်ရဲ့ သင်္ကန်းတွေကို သူတို့ ဆီရောက်နေရင် မြန်မာပြည်ရဲ့ နာမည်ဟာလည်း အဲဒီ ဒေသမှာ ထင်ရှားနေမှာပဲ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်သာသနာ၊ ကိုယ့်ယဉ်ကျေးမှုတွေကို နိုင်ငံတကာကလည်း သိလာအောင် ကြိုးစားကြရမှာ စာရေးသူတို့ အပါအ၀င်
ဗုဒ္ဓဘာသာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ မဟုတ်လား။
 
အဲဒီ ဒေသမှာ သာသနာတော် အတွက် နိုင်တဲ့ဘက်က ကူညီပေးမယ် ဆိုတာက ဒီကိုရင်လေးတွေကို နောင်တစ်ချိန် မြန်မာပြည်မှာ ဗုဒ္ဓစာပေတွေကို လေ့လာစေဖို့ ကူညီပေးမှာလေ။ မြန်မာပြည်မှာ လေ့လာသင်ယူပြီးသွားရင် သူတို့နေရာမှာ သူတို့ သာသနာတော် ကို ပြန်ပြီး ပြန့်ပွားအောင် လုပ်ဆောင်ပေးတဲ့ အခါကျရင် မြန်မာပြည်ရဲ့ ရိုးရာ ယဉ်ကျေးမှုက ပြည်ပကို အလိုလို ရောက်ရှိသွားပြီပေါ့။
လူငယ်တွေကို လူကြီးတွေက လမ်းညွှန်မှု ကောင်းကောင်း ပေးနိုင်ရင် နောင်တစ်ချိန် အားကိုးရတဲ့ အာဇာနည်တွေ ဖြစ်လာမှာပဲ။ သာသနာပြုနေတဲ့ ဆရာတော် တစ်ပါးဟာ သာသနာ့ အာဇာနည် ဆယ်ပါးကိုပဲ မွေးထုတ်ပေးနိုင်တယ် ဆိုရင် အနာဂတ် သာသနာတော် အတွက် တော်တော်ကို စိတ်အေးရပြီ။


 နှင်းတွေကြားက ဘုန်းကြီးကျောင်း
ဆောင်းရာသီ ဆိုတော့ Leh – Ladakh မြို့မှာ ရှိတော့ လူတွေက အလုပ်လုပ်ဖို့ မရှိတော့ဘူး။ ဘာသစ်ပင်မှလည်း စိုက်လို့ မရတော့ဘူး။ စားသီးနှံတွေ စိုက်ချင်ရင်တော့ ပလပ်စတစ် အုပ်ပြီး စိုက်လို့ ရတဲ့ Green House ဆိုတဲ့ အိမ်ကလေးတွေ လုပ်ပြီး စိုက်ပျိုးရတာလေ။ နေရာတိုင်းက ရေခဲတွေ နှင်းတွေချည်း ဖြစ်နေတာ။ အဲဒီတော့ စာရေးသူလည်း ခေါက်ဆွဲခြောက်ထုပ်လေးတွေ ကို ရေနွေးနဲ့ ဖျော်ပြီး ဆွမ်းထမင်းနဲ့ နှစ်ပါးသွားလိုက်ရတာပဲ။

နေ့ဆွမ်းဘုဉ်းပေးပြီးတာနဲ့ အဲဒီမြို့က တခြား မဟာယာန ဘုန်းကြီးကျောင်းတွေကို လေ့လာဖြစ်တယ်။ ဒီမြို့က တိဗက် မဟာယာန ကြီးစိုးနေတဲ့မြို့ ဖြစ်နေတယ်လေ။ တိဗက် မဟာယာန ဂိုဏ်းတွေကလည်း အမျိုးအမယ် စုံသား။ တစ်ချို့ကျောင်းတွေမှာ ဂေါတမမြတ်စွာဘုရား ပုံတော် မရှိဘဲ အရိမေတ္တရ မြတ်စွာဘုရား ဆင်းတုတော်ပုံတွေပဲ တွေ့ရတယ်။ ဘုရားလောင်း ၀ါဒ ဂိုဏ်းတွေလေ။
ဘယ်ကို ကြည့်ကြည့် နှင်းတွေနဲ့ ပြည့်နေတာ
တစ်ချို့ကျောင်း ကျတော့လည်း ဂေါတမမြတ်စွာဘုရား ဆင်းတုတော်ထက် နတ်ရုပ်တုတွေက ပိုပြီးကြီးနေတယ်။ အဲဒီ ဂိုဏ်းကျတော့ နတ်ဘုရားတွေကို ကိုးကွယ်တဲ့ ဂိုဏ်း တဲ့။ ဘုရားဆင်းတုတော်က နတ်ရုပ်တုတွေ ကြားမှာ ပုန်းလျှိုးကွယ်လျှိုး သီတင်းသုံးနေသလို ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွေရဲ့ ခေါင်မိုးတွေမှာလည်း အရိုးခေါင်းပုံတွေရော အချွန်အတက် ခက်ရင်း ပုံတွေရော စုံလို့ စုံလို့ ပါပဲ။

အိမ်တစ်အိမ်ကိုလည်း ရောက်သွားရော မြတ်စွာဘုရားရဲ့ ဆင်းတုတော် မျက်နှာက ဟိုဘက် လှည့်နေပြီးတော့ ကျောဘက်ကို အိမ်ဦးခန်းဘက် လှည့်ထားတယ်။ ထူးထူးဆန်းဆန်း ဖြစ်နေတော့ စာရေးသူလည်း အိမ်ရှင်ကို မေးကြည့်မိတယ်။ ဘာဖြစ်လို့များ မြတ်စွာဘုရားရဲ့ မျက်နှာတော်ကို ကျောပေး ထားရ သလဲလို့ပေါ့။ အိမ်ရှင်က ပြောပြတယ်။ အဲဒီ ဆင်းတုတော်ကို ဂါထာမန္တယား စာရွက်တွေ မထည့်ရသေးဘူး တဲ့လေ။ နောက်ကျမှပဲ စာရေးသူလည်း သဘောပေါက်သွားတော့တယ်။ ဆင်းတုတော်တွေရဲ့ အောက်ဘက် လှိုဏ်ခေါင်းမှာ ဂါထာမန္တယား တစ်ခုခု မထည့်ရသေးဘူး ဆိုရင် အဲဒီ ဘုရားကို မျက်နှာ လူတွေဘက် မလှည့်ရသေးဘူး ဆို ပဲ။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီး ဆင်းတုတော်ကို ရှိခိုးပူဇော်နေရင်ပဲ ကုသိုလ် ရနေပြီ ဆိုတာ သူတို့တွေ မသိကြလေရော့သလား။ အဲဒါက အဲဒီဒေသရဲ့ မဟာယာနတွေရဲ့ အယူဝါဒတွေပဲကိုး။ ဗုဒ္ဓဘာသာဝင် ဖြစ်တိုင်းလည်း ၀မ်းသာနေလို့ မရပြန်ဘူး။ စစ်မှန်တဲ့ ဗုဒ္ဓတရားတွေကို နာယူ လိုက်နာ ကျင့်သုံးနိုင်တဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့လည်း လိုသေးတယ်။
စစ်မှန်တဲ့ ဗုဒ္ဓဘာသာဖြစ်မှ ကျင့်ကြံမှု မှန်မယ်
နောက်ပြီး တိဗက် မဟာယာန ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ရှိသေးတယ်။ အဲဒီ ကျောင်းက ရင်းပိုးချေး မှာ မိန်းမ နှစ်ယောက် ရှိတယ်ဆိုပဲ။ ရင်းပိုးချေး ဆိုတာက ဘုန်းကြီးကျောင်းတွေရဲ့ ကျောင်းထိုင် ဆရာတော်တွေကို ဒေသစကားနဲ့ ခေါ်ကြတာပါ။ အဲဒီလို မိန်းမ နှစ်ယောက် ရှိတဲ့ ဘုန်းကြီးကိုလည်း ကိုးကွယ်နေကြတဲ့ လူတွေကလည်း ရှိသေး။ လူတွေကလည်း မှန်းရမ်းပြီး ကိုးကွယ်နေကြတာပဲ။ ပညာနဲ့ ချင့်ချိန်တတ်တဲ့ ဉာဏ် ရှိပေမဲ့လည်း ပညာကို အသုံးချတတ်အောင် သင်ပေးမယ့် ပညာရှိတွေ မရှိရင်လည်း ပညာဆိုတာ တွေ့နိုင်မှာ မဟုတ်ဘူး။
ဆောင်းရာသီဆိုတော့ မိန်းမ နှစ်ယောက်နဲ့ ရင်းပိုးချေး ဆရာတော်ကြီးလည်း ဘယ်မှာသွားပြီး သီတင်းသုံးနေတယ် မသိဘူး။ စာရေးသူ ရောက်သွားတဲ့ အချိန် သူ့ကျောင်းမှာတော့ မရှိဘူး။
Indus မြစ်ကို နောက်ခံထားပြီး
အဲဒီမြို့ ခရိုင်ရဲ့ နယ်မြေမြို့ငယ် တစ်ခုမှာလည်း မိန်းမ တစ်ယောက် ရှိတဲ့ တိဗက်မဟာယာန ဘုန်းကြီးတစ်ပါးလည်း ရှိသေးတယ်။ အဲဒီ ဘုန်းကြီးကတော့ ပြည်နယ် ဒေသ အုပ်ချုပ်ရေးမှုး ၀င်လုပ်လိုက်တာ လူတွေက အကြည်ညိုပျက်သွားတယ် လို့ သိရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးဝင်လုပ်လိုက်တော့ အခြား ပါတီ အဖွဲ့အစည်းတွေနဲ့ အတိုက်အခံ ပြောရတာပဲ။ ပြောရင်း ပြောရင်းနဲ့ အခြေအတင် စကား များ ရန်ဖြစ်ကြရင်း လူတွေ အကြည်ညို ပျက်သွားတယ်။ အဲဒါလည်း သင်ခန်းစာ ယူစရာပဲ။

ဒီလို ဒီလို ကကြတာပဲ
တိဗက်မဟာယာန ဗုဒ္ဓဘာသာမှာ ဂိုဏ်းတွေ အများကြီး ကွဲထွက်သွားတာ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တို့မှာက ဓမ္မစက်နဲ့ အာဏာစက်ကို တွဲပြီး မဆောင်ရွက်နိုင်ကြလို့ပဲ။ တရုတ်အစိုးရကလည်း ဗုဒ္ဓဘာသာ မဟုတ်၊ အိန္ဒိယ အစိုးရကလည်း ဗုဒ္ဓဘာသာ မဟုတ်။ အဲဒီတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဘာလုပ်လုပ် ဘယ်လိုပဲ အယူဝါဒတွေ ကြိုက်သလို ဟောပြော ဟောပြော သူတို့နဲ့ မဆိုင်ဘူး ဖြစ်သွားတယ်လေ။ အဲဒီတော့ ဘုန်းကြီးတွေကလည်း သူတစ်လူ ငါတစ်မင်း ဂိုဏ်းတွေ ဖွဲ့လာကြတာ။ ဂိုဏ်းခေါင်းဆောင်တွေကလည်း လူတွေ သူတို့ဘက် ပါလာအောင် နည်းမျိုးစုံနဲ့ စည်းရုံးကြတယ်။ အဲဒီလို ဓမ္မစက်နဲ့ အာဏာစက် ညီမျှအောင် မထိန်းချုပ်နိုင်တော့ အဲဒီ နိုင်ငံတွေရဲ့ ဗုဒ္ဓဘာသာဟာ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေကြတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေ ဖြစ်သွားကြတော့တယ်။



 သူ့အရပ် သူ့ဇာတ်ပေါ့
တစ်နေ့မှာ တိဗက်မဟာယာန ဂိုဏ်း တစ်ခုရဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပွဲတော် တစ်ခု ရှိတာနဲ့ ကြုံရတယ်။ စာရေးသူလည်း ရောက်တုန်းရောက်ခိုက် ဆိုတော့ အခွင့်အရေးကို လက်မလွတ်ဘဲ ရာသီဥတု အေးလွန်းတဲ့ကြားကနေ ရောက်အောင် သွားလေ့လာဖြစ်တယ်။ ရာသီဥတု အေးလွန်းတဲ့ ဒါဏ်ကို ခံနိုင်ဖို့ သင်္ကန်းတွေ ၀တ်ထားတဲ့ အပြင်ကို နှင်းစိုခံတဲ့ မိုးကာအနွေးထည်လည်း ထပ်ဝတ်ထားရသေးတယ်။
ဦးဆောင်းမှာ လူရိုး ဦးခေါင်းတွေနဲ့

အဲဒီ ဒေသက လူတွေ ပြောတာကတော့ မကောင်းဆိုးဝါးတွေကို ဘုန်းကြီးတွေက နှင်ထုတ်တဲ့ ပွဲ တဲ့။ ဒါပေမဲ့ စာရေးသူရဲ့ အမြင်မှာ ကျတော့ ဘုန်းကြီးတွေ က တဲ့ ပွဲ လို့ပဲ ပြောရတော့မယ်။ ပြောလည်း ပြောချင်စရာပဲလေ။ ဘုန်းကြီးတွေက က နေတာကိုး။ ဘယ်လို က နေကြသလဲ လို့ ဆိုရင် ဘုန်းကြီးကျောင်းရဲ့ လေးထောင့်ကွက်နေရာလေးမှာ အလံတိုင်ကြီး တစ်တိုင်ရှိတယ်။ အဲဒီ အလံတိုင်ကြီး ရှိတဲ့ လေးထောင့်ကွက်ထဲမှာ ဘုန်းကြီးတွေက မျက်နှာဖုံးတွေ စွပ်ပြီး ၀တ်ရုံအကြီးကြီးတွေ ၀တ်ထားပြီးတော့ ခြေကားယား လက်ကားယားနဲ့ ကနေကြတာပဲ။

ဟန်ချက်ညီညီ ကရသည်
မျက်နှာဖုံး စွပ် တွေလည်း တစ်မျိုးပြီး တစ်မျိုး ပြောင်း၊ လက်ထဲမှာလည်း လက်နက် ကိရိယာ တစ်ခုပြီး တစ်ခု ပြောင်းပြီး လည်း ကနေကြတယ်။ မျက်နှာဖုံးတွေကတော့ ဘီလူးခေါင်းပုံ၊ တိရစ္ဆာန်ခေါင်းပုံ ကြောက်စရာ ပုံတွေ အမျိုးအမျိုးပါပဲ။ တစ်ချို့ ဘုန်းကြီးတွေ က တာ ဆိုရင် ဆောင်းထားတဲ့ ဦးထုပ်မှာ လူ အရိုးခေါင်း ပုံတွေလည်း ပါသေးတယ်။ အဲဒီလို ဘုန်းကြီးတွေ ကနေတာကိုလည်း လူတွေက အားပေးလိုက်ကြတာလည်း ကျောင်းလုံးပြည့်ပဲ။ တီးလုံးတွေ တီးတဲ့ ဘုန်းကြီးတွေကလည်း တီး၊ ခရာတွေ မှုတ်သူက မှုတ် နဲ့ ဂါထာရွတ်တာလည်း ရွတ်ကြတယ်။ သူ့ဘုန်းကြီးနဲ့ သူ့ဒကာ၊ ဒကာမတွေတော့ လည်း ဟုတ်နေကြတာပဲ။ သူ့အရပ် သူ့ဇာတ် လို့ပဲ ပြောရမလို ဖြစ်နေပြီ။
 
ဘုန်းတော်ကြီးတွေလည်း တီးခတ်နေရ
စာရေးသူလည်း အဲဒီမြို့မှာ လေးရက်ကြာအောင် သီတင်းသုံးရင်း ကုသိုလ်လည်းရ၊ ဒေသန္တရ ဗဟုသုတတွေလည်း ရပေါ့။ ဘာပဲ ဖြစ်ဖြစ် အဲဒီ ဒေသမှာ ထေရ၀ါဒ ဘုန်းကြီးကျောင်း တစ်ကျောင်း အခြေကျ ရှိနေတယ် ဆိုရင်ပဲ တဖြည်းဖြည်းနဲ့ ထေရ၀ါဒ ကိုးကွယ်မှုကို ပြန့်ပွားလာအောင် နိုင်တဲ့ဘက်က ၀ိုင်းဝန်းဆောင်ရွက်ကြရမယ်။
ကိုယ့်နိုင်ငံရဲ့ ဘာသာ သာသနာဟာ ပြည်တွင်းမှာလည်း ထွန်းကားနေအောင် ဆောင်ရွက်ရသလို ပြည်ပကိုလည်း စွမ်းနိုင်သလောက် ဖြန့်ဖြူးပေးကြရမှာက ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်ပဲ မဟုတ်လား။
ဒီလို တူရိယာတွေ ပါတယ်

ဒါကြောင့် စာရေးသူ ပြောလေ့ပြောထ ရှိတဲ့ စကားရှိတယ်။
သာသနာတော် ကောင်းကျိုးအတွက် ဆိုလျှင် လေ ဖြင့် ရင်းနှီးနေရုံမျှနှင့် အလုပ် ဖြစ်မည် မဟုတ်ပေ။
ဗုဒ္ဓဘာသာဝင်တွေ အားလုံး ငွေအား၊ လူအား၊ အချိန်အား၊ အလုပ်အား.... အား များစွာတို့နဲ့ ရင်းနှီးခြင်းဖြင့် ပေးဆပ်ရင်း သာသနာပြုကြပါကုန်.....

***သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ကို ကျင့်ကြံပွားများ အားထုတ်နေကြသော ဓမ္မရတနာ စာဖတ်ပရိတ်သတ်များ အားလုံးကို မေတ္တာပို့သ နှုတ်ဆက်လိုက်ပါတယ်***
ငါကား လောကထက် အမြတ်ဆုံး၊ အကြီးဆုံး၊ ချီးမွှမ်းအပ်ဆုံး ဖြစ်သည်

"ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ" ပရဟိတအဖွဲ့

Search Box

မြန်မာဗုဒ္ဓဘာသာဝင်တို့ရဲ့ နှလုံးသား...

*ဗုဒ္ဓံ ဓမ္မံ သံဃံ - သရဏံ ဂစ္ဆာမိ*

မှတ်တမ်း ပုံရိပ်များ...

Loading...

တစ်နေကွယ် သေနယ်သို့ တစ်ခါမကူးခင်၊ ကောင်းမှုတစ်ခု ပြုပါနေ့စဉ်...

သမုဒ္ဒရာရေလို လှုပ်ရှားနေတဲ့ စိတ်ကို စက္ကန့်တိုင်း ကုသိုလ် ဖြစ်ပါစေ...

တစ်ရွက်ပြီး တစ်ရွက်၊
ကြွေရတဲ့ ရက်ရယ်၊

တစ်ရက်ပြီး တစ်ရက်၊
နေရမယ့် ရက်ရယ်၊

တစ်သက်ပြီး တစ်သက်၊
သေရတဲ့ ဘ၀ရယ်၊

သံသရာနွယ် ဆုံးစေတော့ကွယ်…

--------------------------------

ညီတော်၊ နောင်တော်တို့...

လောကီ၊ လောကုတ္တရာ အရာရာတို့တွင် တော်၊ မှန်၊ ဖြောင့်၊ အသိ၊ အကျင့် အထက်တန်းကျ ညီညွတ်ပြီး သံသရာခရီး ဖြောင့်တန်းအောင် ကျင့်သုံးနေထိုင်နိုင်ပါစေ… ငါ့အတွက်မယူ သူတကာအတွက် ပေး၍ ပါရမီမြောက်သော အလုပ် လုပ်နိုင်ကြပါစေ…

အခွင့်အရေး ဆိုတာ...


ရဟန်းရဲ့ အခွင့်အရေးဟာ ဘာလဲ?
ရဟန်းရဲ့ အခွင့်အရေးဟာ ရဟန္တာ ဖြစ်ရေးပါပဲ။

ကိုယ့်အလုပ်သာ လုပ်တတ်စေ...


ရဟန်းက လူအလုပ် လုပ်ရင် အကုသိုလ် ပိုရတယ်။
လူက ရဟန်းအလုပ် လုပ်ရင် ကုသိုလ် ပိုရတယ်။

ရိုးရှင်းတဲ့ ရဟန်း...


ရဟန်းဆိုတာ ရိုးရိုးလေး နေမှ စိတ်ထဲမှာ ရှင်းနေတယ်။
ရိုးရိုးရှင်းရှင်းလေး မနေရင် ကိလေသာတွေနဲ့ ရှုပ်နေလိမ့်မယ်။

ရဟန်းတို့ အလုပ်....

သာသနာတော်မှာ ရှိတဲ့ ရဟန်းတွေထဲမှာ ၀ိနည်းနဲ့ အညီ ကြိုးစားသီတင်းသုံး နေထိုင်မှု မရှိတဲ့ ရဟန်းဟာ သာသနာဖျက် ရဟန်းပါပဲ။

ဒကာ၊ ဒကာမတွေကလည်း ၀ိနည်းနဲ့ အညီ သံဃာကို ဆည်းကပ် ကိုးကွယ်ရမှာ ဖြစ်သလို သံဃာကလည်း အဲဒါကို လေးစားလိုက်နာ ကျင့်ကြံရမှာ ဖြစ်တယ်။

ရဟန်းဆိုတာ ဘုရားမျက်နှာ ကြည့်ပြီး တရားအလုပ် လုပ်ရပါတယ်။

ပုဂ္ဂိုလ်နောက် ဘက်လိုက်ပြီး အရှုပ်ပိုတွေ လုပ်နေဖို့ မဟုတ်ပါဘူး….

သာသနာပြု ပုဂ္ဂိုလ် ဆိုတာ...


သူများကို သာသနာ မပြုခင်
ကိုယ့်ကိုယ်ကို အရင်
သာသနာ ပျက်နေတာတော့
မဖြစ်စေရဘူး။

မိမိလည်း မပျက်စေနဲ့၊ သူတစ်ပါးလည်း မဖျက်နဲ့...

ဘုရား၊ တရား၊ သံဃာ ဆိုသော ရတနာ သုံးပါးကို ကြည်ညိုမှု သဒ္ဓါအား လျော့နည်းလာလျှင် ရဟန်းဖြစ်စေ၊ လူဖြစ်စေ စာပေပညာများ မည်မျှပင် ကျွမ်းကျင် တတ်မြောက်နေစေကာမူ မတော်ဘဲ ချော်နေသည်ကို သတိမူကြစေချင်ပါသည်။

မိမိမှာ ရှိသော သာသနာလည်း ပျက်စီးနေပြီ ဖြစ်သလို တစ်ပါးသူတွင်း ရှိနေသော သာသနာတော်ကိုလည်း ဖျက်ဆီးနေကြပေလိမ့်မည်။

စံပြနဲ့ ဟန်ပြ...


လူအများ ကြည်ညိုလေးစားပြီး အတုယူနိုင်လောက်တဲ့ စံပြရဟန်း ဖြစ်အောင် လုပ်ဖို့ လိုတယ်။

ဒီလိုမှ မဟုတ်ရင် ဟန်ပြရဟန်းပဲ ဖြစ်နေလိမ့်မယ်။

တူသုံးမျိုး မဖြစ်စေနဲ့...

ရဟန်းက လူနဲ့တူခြင်း။

မိန်းမက ယောက်ကျားနဲ့တူခြင်း၊

ဘုန်းကြီးကျောင်းက အိမ်နဲ့တူခြင်း။

သဒ္ဓါတရား လျော့လာလျှင်...


ရဟန်းဖြစ်စေ၊ လူဖြစ်စေ
မြတ်စွာဘုရားကို ကြည်ညိုမှု သဒ္ဓါတရား လျော့နည်းလာလျှင် သာသနာတော်ကို ညစ်နွမ်းအောင် လုပ်ဆောင်လာကြလိမ့်မည်။
ရဟန်းကလည်း သံဃာ အပေါ် လူတို့၏ ကြည်ညိုမှု သဒ္ဓါတရားကို မဖျက်ဆီးလေနှင့်။ လူကလည်း မြတ်စွာဘုရား အပေါ် ရဟန်း၏ ကြည်ညိုမှု သဒ္ဓါတရားကို မဖျက်ဆီးလေနှင့်.....

မည်သူ့တာဝန်နည်း?

ဗုဒ္ဓဘာသာတွေ အကျင့်စာရိတ္တပျက်တာ၊
လူငယ်တွေ ပျက်စီးနေတာ တွေ့ရင်
ကိုယ့်ကိုယ်ကို ပြန်ရှက်မိတယ်။
ငါတို့ ရဟန်းတွေဟာ
အဲဒါတွေမဖြစ်အောင်
အားစိုက်လုပ်ဆောင် ပြုပြင် ပေးကြရမယ်။
ရဟန်းတွေမှာ တာဝန်ရှိတယ်။

ငါနှင့်ဆိုင်သည်

ကမ္မဿကာ လူဗိုလ်ပါတို့
ငါနှင့်မဆိုင် မတတ်နိုင်ဟု
မပြိုင်ခင်ရှုံး စိတ်နှလုံးကို
ဒုန်းဒုန်းကြီးချ ရှိချေကမူ
ဗုဒ္ဓသာသနာ ကွယ်ပျောက်ရာ၏
အမျိုးဘာသာ ကွယ်ပျောက်ရာ၏...
---------------------------------

တို့မလုပ်လျှင်...

တို့သာသနာ တို့မလုပ်က
တို့အပြင် မည်သူ ရှိမည်နည်း.....

တို့မလုပ်လျှင်…
ခြားဘာသာဝင် ကြီးစိုးလျှင်
ဗုဒ္ဓမြန်ပြည် ပျောက်မည်တည့်…..

တို့တွေ ပေးရမည့် အချိန်...

တို့ ဗုဒ္ဓဘာသာတွေ အချင်းချင်း ရန်ဖြစ်နေဖို့ အချိန်မဟုတ်ပြီ။
အမျိုး ဘာသာ သာသနာတော် တည်တံ့ တိုးတက် ခိုင်မြဲရေး အတွက် စည်လုံး ညီညွတ်စွာ လုပ်ဆောင်ကြဖို့သာ အချိန်ပေးရတော့မည်...

သူတော်ကောင်းတို့မည်သည်...

သစ်ပင်ကြီးတို့ မည်သည် မလဲမချင်း အရိပ်ဖြင့် အေးကြစေကုန်၏။

နံ့သာတုံးတို့ မည်သည် မကျွမ်းမချင်း အနံ့ဖြင့် မွှေးကြစေကုန်၏။

သူတော်ကောင်းတို့ မည်သည်လည်း မသေမချင်း အများအကျိုးကို ဆောင်ရွက်ကြကုန်၏။
(ရှေးဆရာတော်)

သာသနာ့အာဇာနည်ဆိုတာ...

ဗုဒ္ဓမြတ်စွာ လောင်းလျာတုန်းက၊
နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့၊
အသက်ပေးလို့ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာမို့၊
ငါပါ အသက် ဆုံးစေမည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့၊
ကုသိုလ်ရေးမို့ ကြိုးစားမည်။

***************


ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့
ခုလောက်ကျိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှေးခါဘိုးဘ လက်ထက်ကပင်၊
ရသည့်တန်ဖိုး ထပ်မညှိးဖို့
အားကျိုးမာန်တက် ငါဆောင်ရွက်သည်
ဆက်လက်တည်တံ့ပါစေသော်...
(အရှင်ဇနကာဘိဝံသ)

ငါးလေးတွေ အစာ ဆာနေပြီ

ဓမ္မ ဧည့်သည်တော်များ မော်ကွန်း...

ကျွန်ုပ် သာဓု ခေါ်မိသည်...

တိုင်းပြည်ကို အုပ်ချုပ်သော ပုဂ္ဂိုလ်သည် တိုင်းသူ ပြည်သား အားလုံးအတွက် ဗုဒ္ဓတရားတော်နှင့် အညီ အုပ်ချုပ်ပြီး၊ ရတနာ သုံးပါကို ကြည်ညို၍ အမျိုး၊ ဘာသာ၊ သာသနာအား ကာကွယ် စောင့်ရှောက်ပေးသော အုပ်ချုပ်သူ ပုဂ္ဂိုလ် မည်သူကို မဆို သာဓု အကြိမ်ကြိမ် ခေါ်ပေးနေမိပါသည်.....

နိဗ္ဗာန်ရောက်ဖို့ ဘာကိုလုပ်

ပရဟိတ အလုပ် ဆိုတာက ပေးဆပ်ခြင်းပါ။
ပေးဆပ်ခြင်းမှာ ပျော်မွေ့တဲ့ ပုဂ္ဂိုလ်တွေဟာ စွန့်လွှတ်၊ အနစ်နာခံ သူတွေပါ။
စွန့်လွှတ်၊ အနစ်နာ ခံသူတွေဟာ သူတော်ကောင်း တွေပါ။
သူတော်ကောင်း ဆိုတာက ကုသိုလ်မှာ ပျော်မွေ့သူတွေပါ။
ကုသိုလ် ဆိုတာက နိဗ္ဗာန်ကို ပို့ဆောင်ပေးနေတဲ့ တွန်းအားပါ။


ဒါကြောင့် …

နိဗ္ဗာန်ရောက်ဖို့
လောက ကောင်းကျိုးအတွက် ပရဟိတ လုပ်ကြစို့….. *****

ပေးဆပ်ခြင်းမှာ ပျော်မွေ့သူများ

မှတ်ဖွယ်ရာရာ ဂျာနယ်

နည်းပညာ အလှူရှင်များ

Myanmar Calendar